နိုင်ငံတော်
  သမ္မတ ဦးသိန်းစိန်နှင့် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး Mr. Antonio
  Guterres တွေ့ဆုံစဉ် ( ဓါတ်ပုံ နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက် ) 
တိုင်းရင်းသား မဟုတ်ဘဲ
  ခိုးဝင်လာသည့် ရိုဟင်ဂျာများကို လက်ခံရန် မည်သို့မျှ မဖြစ်နိုင်ကြောင်း
   ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး Mr. Antonio Guterres ဦးဆောင်သော
  ကိုယ်စားလှယ်အဖွဲ့ကို ဇူလိုင်လ ၁၁ ရက်နေ့ နေပြည်တော်၌ တွေ့ဆုံချိန်တွင်
  နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်ပါသည်။ 
 
ထို့အပြင် ခိုးဝင်လာသော
  ရိုဟင်ဂျာများနှင့် ပတ်သက်ပြီး နောက်ဆုံး ဖြေရှင်းသည့် နည်းလမ်းမှာ
  ခိုးဝင်လာသည့် ရိုဟင်ဂျာများကို UNHCR သို့ အပ်နှံပြီး ဒုက္ခသည် စခန်းအဖြစ်
  ထားရှိရန် ဖြစ်ကြောင်း၊ UNHCR က ကျွေးမွေး စောင့်ရှောက်ပေးရန် ဖြစ်ကြောင်း၊
  တတိယနိုင်ငံက လက်ခံမည်ဆိုလျှင် ပို့ပေးမည် ဖြစ်ကြောင်းနှင့် ဤသည်မှာ
  ပြဿနာဖြေရှင်းနည်းကို စဉ်းစားနေခြင်းဖြစ်ကြောင်း နိုင်ငံတော် သမ္မတက ဆက်လက်
  ပြောကြားခဲ့ပါသည်။  
သမိုင်းကြောင်းအရ ဘင်္ဂါလီများ
  ဝင်ရောက်လာသည်မှာ (၁၉၄၈) ခုနှစ်၊ လွတ်လပ်ရေးမရခင် အင်္ဂလိပ် နယ်ချဲ့များက လယ်ယာ
  လုပ်ကိုင်ရန် ခေါ်သွင်းလာခြင်း ဖြစ်ကြောင်း၊ ထိုစဉ်က အလုပ်အကိုင်
  ကောင်းမွန်သဖြင့် မပြန်တော့ဘဲ အခြေချ နေထိုင်သူများလည်း ရှိကြောင်း၊ မိမိတို့
  ဥပဒေအရ (၁၉၄၈) ခုနှစ်မတိုင်မီ မြန်မာနိုင်ငံသို့ ရောက်ရှိသူ မိဘနှစ်ပါးက
  မွေးဖွားသူ တတိယမျိုးဆက် (Third Generation) မြေးအဆင့်ကိုသာ နိုင်ငံသားအဖြစ်
  လက်ခံမည်ဟူသော ဥပဒေရှိကြောင်း၊ ရခိုင်ပြည်နယ်ကို လေ့လာကြည့်ပါက (၁၉၄၈) ခုနှစ်
  မတိုင်မီ ဘင်္ဂါလီများက ပေါက်ဖွားလာသူများ၊  နောက်ပိုင်းတွင် ရိုဟင်ဂျာ
  အမည်ခံ၍ ခိုးဝင်လာသူများ စသည်ဖြင့် ရှုပ်ထွေးလျက် ရှိကြောင်း၊ နိုင်ငံတည်ငြိမ်
  အေးချမ်းမှုကိုပါ ခြိမ်းခြောက်လာကြောင်း၊ထိုကိစ္စကို ကိုင်တွယ်ရန် အလေးအနက်ထား
  စဉ်းစားလျက်ရှိပါကြောင်း၊ မိမိတို့ တိုင်းရင်းသားများကို တာဝန်ယူမည်
  ဖြစ်ကြောင်း၊ တိုင်းရင်းသားမဟုတ်ဘဲ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို လက်ခံရန်
  မည်သို့မျှ မဖြစ်နိုင်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောပါသည်။   
နိုင်ငံတော် သမ္မတနှင့် ကုလသမဂ္ဂ
  ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံမှုတွင်
  ကချင်ပြည်နယ်ရှိ စစ်ဘေးသင့် ပြည်သူများ အရေးကိစ္စနှင့်  ကရင်ပြည်နယ်ရှိ
  ရွေ့ပြောင်းပြည်သူများ မိမိဆန္ဒ အလျောက် ပြန်လာရေး ကိစ္စရပ်များကိုလည်း
  ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ 
အဆိုပါတွေ့ဆုံမှုတွင်
  မြန်မာအစိုးရဘက်မှ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အပါအ၀င်
   ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့်
   မြန်မာ့စက်မှုဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊
  သမ္မတရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး၊ အလုပ်သမားဝန်ကြီးဌာနနှင့်
  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန
  ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်
  ဌာနဆိုင်ရာအကြီးအကဲများ ပါဝင်ခဲ့ကြောင်း သိရပါသည်။ 
  
ref;http://www.weeklyeleven.com/index.php?option=com_content&view=article&id=14529%3A2012-07-12-06-08-32&catid=42%3A2009-11-10-07-36-59&Itemid=112 
  
 | 
No comments:
Post a Comment